ထားဝယ် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊အစိုးရအဖွဲ့၏စီမံမှုဖြင့် ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကိုယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ရန်ကြီးအောင် ဦးဆောင်သော ဝန်ကြီး များနှင့် တက်ရောက်လာကြ သူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် က သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များအပြင် ဆက်စပ်ဌာနများ၏ ဘာသာရပ်များကိုပါ သင်ကြားပို့ချပေးမည်ဖြစ်၍ သင်တန်းသားများအတွက် အသိပညာနှင့် လုပ်ငန်းကျွမ်းကျင်မှုများ တိုးတက်လာစေမည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်၏ အခြေခံအုပ်ချုပ်ရေးယန္တရားတွင် အရေးပါသည့်တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်သူများထံ အကောင်အထည်ဖော်ပေးရသူများဖြစ်သကဲ့သို့ ပြည်သူများ ၏ လိုအပ်ချက်နှင့် အခက်အခဲများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဆင့်ဆင့်သို့ တင်ပြပေးရသည့် ဆက်သွယ်ပေါင်းကူး တံတားများလည်းဖြစ်ကြောင်း၊ ဥပဒေစိုးမိုးရေးကိုအခြေခံသည့်ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ်ကို အကောင်အထည် ဖော် ရာတွင် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘက်မလိုက်ဘဲ မျှတမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ အခက်အခဲများကို စာနာနားလည်စွာ နားထောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ ရရှိလာသည့် အသိပညာနှင့် အတွေ့အကြုံများကို မိမိတို့၏ လုပ်ငန်းခွင်နှင့် ရပ်ရွာအတွင်း ထိရောက်စွာ ပြန်လည်အသုံးချကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်၏ အခြေခံအုပ်ချုပ်ရေးယန္တရားတွင် အရေး ပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသူများဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေ ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မှန်ကန်စွာ နားလည်သဘောပေါက်ပြီး တာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ပြည်သူများအားပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးအပ်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တွင်သက်ဆိုင်ရာဌာနများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းဆောင်ရည်များကို အစဉ်တစိုက် မြှင့်တင် ပေး ရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်သည်။
သင်တန်းတွင်ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏လုပ်ငန်းဆောင်ရွက်နိုင်စွမ်း၊အုပ်ချုပ်ရေးနှင့် ဥပဒေဆိုင်ရာ အသိပညာများ ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ တာဝန်ရှိသူများ က သင်တန်းသား ၆၈ ဦး ကို အောက်တိုဘာ ၁၆ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။








