ထားဝယ် စက်တင်ဘာ ၂၅
ရဲတံခွန်စီမံကိန်း ကမ်းလွန်လုပ်ကွက်အမှတ် (M12, M13, M14) အတွင်း ထုတ်လုပ်ခြင်းမရှိသော သဘာဝဓာတ်ငွေ့တွင်း (၁၀) တွင်း ပိတ်သိမ်းခြင်းနှင့် အပြီးတိုင် စွန့်လွှတ်ပိတ်သိမ်းခြင်း (Wells Plug and Abandonment) လုပ်ငန်းများ မပြုလုပ်မီ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ငန်းများနှင့် ပတ်သက်၍ Gulf Petroleum Myanmar ရေနံကုမ္ပဏီမှ လာရောက် တွေ့ဆုံရှင်းလင်း တင်ပြသည့် အခမ်းအနားကို ယနေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ Deputy General Manager (Offshore) ဦးစိုးသူအောင် က တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး ရဲတံခွန်ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်း ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးဖြစ်သည့် Unique Environment Myanmar (UEM) Limited မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာလဲ့လဲ့ဝင်း က စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လေ့လာမည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကမ်းလွန်လုပ်ကွက်အမှတ် (M12, M13, M14) အတွင်း ကမ်းလွန်လုပ်ကွက် ရေနံနှင့် သဘာဝတူးဖော်ရေး အစီအစဉ်များ၊ စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းများ၊ ဒေသခံများနှင့် ဆက်ဆံရေး စည်းရုံးရေး ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ကမ်းလွန်လုပ်ကွက်အမှတ် (M12, M13, M14) အတွင်း ကမ်းလွန်လုပ်ကွက် ရေနံနှင့် သဘာဝတူးဖော်ရေး အစီအစဉ်များကို လာရောက်ရှင်းလင်း တင်ပြသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝအရင်းအမြစ်များ၊ တွင်းထွက်ပစ္စည်းများ၊ ရေလုပ်ငန်းများ များစွာထွက်ရှိသော ဒေသဖြစ်ကြောင်း၊ Gas နှင့်ပတ်သက်၍ နိုင်ငံတော်၏ ဝင်ငွေ GDP များ တိုးတက်လျက်ရှိကြောင်း၊
တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေပြီး နိုင်ငံတော်၏ ဝင်ငွေတိုးပွားရေးအတွက် လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်ဆောင်ရွက်ပေးသည့် ကုမ္ပဏီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လက်တွဲပြီး အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။





